မိုဆာလက်ကိုရီးရဲလ်ကကောက်စားတော့မှာလား


 တစ်ပတ်လစာ ပေါင် လေးသိန်းမပေးနိုင်ရင်တော့ ဆာလက်ချ်ကို ရီးယဲလ်က ကောက်စားသွားမှာပဲ

==========================================


မာနေးလိုကစားသမားမျိုးကို ပေါင် ၃၅ သန်းနဲ့ ဘိုင်ယန်ထံ ရောင်းလိုက်ရတာကလည်း စာချုပ် တစ်နှစ်သာကျန်တော့လို့ပဲ။ ခုလည်း အသင်းမှာ လစာအများဆုံးရနေတဲ့ ဗန်ဒိုက်ရဲ့ တစ်ပတ်လစာ ပေါင် ၂၄၀၀၀၀ ထက် လျော့နည်းရရှိနေပြီး စာချုပ်တစ်နှစ်ပဲ ကျန်တော့တဲ့ မိုဆာလက်ချ်ဟာ လီဗာပူးရဲ့ စာချုပ်သက်တမ်းတိုးဖို့ကို လက်မခံသေးပါဘူး။


အသက် ၃၀ အရွယ်ကစားသမားတစ်ယောက် ချယ်လ်ဆီးကနေ အပယ်ခံဖြစ်ပြီး အီတလီမှာ ထွန်းတောက်လာရာက လီဗာပူးကိုရောက်တော့ သူ့ကစားသမား ဘ၀မှာသာမက ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးမှာပါ အကောင်းဆုံးသော ကစားသမားတစ်ဦးဖြစ်လာတဲ့အချိန် ဆာလက်ချ် တိုးတောင်းတဲ့ လစာက တစ်ပတ်ပေါင် ၄၀၀၀၀၀ တဲ့။ 


တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ထပ်ရောက်လာပြီး ဂျိုတာ၊ ဖာမင်နိုတို့ ကျန်ရှိနေသေး တာကြောင့် လီဗာပူးဟာ ဆာလက်ချ်တိုးတောင်းတဲ့ လစာကို မပေးလိုတဲ့ အခြေအနေမှာ ပေါင်သန်း ၆၀ လောက်ရရင် ရောင်းထုတ်တော့မယ်လို့ သတင်း တွေ အခိုင်အမာထွက်လာတယ်။ ဆည်၀က ဗျိုင်းအဖြစ် အန်ဆယ်လော့တီရဲ့ ရီးယဲလ်က ကောက်စားဖို့ အသင့်ထိုင်စောင့်နေတာပေါ့။


 

မာနေးကို လက်လွှတ်လိုက်ရပြီးနောက် မနှစ်ကရာသီမှာ ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၃၁ ဂိုးသွင်း၊ ၁၆ ဂိုးဖန်တီးပေးခဲ့တဲ့ ဆာလက်ချ်ကို ထပ်လက်လွှတ်လိုက်ရရင်တော့ လီဗာပူးတိုက်စစ်ရဲ့ အသက်သွေးကြောတစ်ခုလုံး ပျက်စီးပြီး တစ်ကပြန်စရတော့မှာ အသေအချာပါပဲ။ 


ဒါပေမဲ့ လီဗာပူးတောင်ပံတိုက်စစ်မှာ ဇန်နဝါရီကရောက်လာတဲ့ လူး၀စ္စဒီယက်ဇ်၊ လူငယ်လေး ဟာဗေးအီးလီးယော့နဲ့ အသစ်ရောက်လာတဲ့ ဖေဘီယိုကာဗယ်လ်ဟိုတို့လည်း ရှိနေသေးတော့  ဆာလက်ချ်ပါ မရှိတော့ဘူးဆိုရင် ဒီတိုက်စစ်ကို အရင်ထက်မလျှော့တဲ့ အင်အားမျိုးနဲ့ လီဗာပူးခရီးဆက်နိုင်ဖို့က နည်းပြကြီး ဂျာဂန်ကလော့ရဲ့ အစွမ်းအပေါ်မှာပဲ မူတည်နေတော့မှာပါ။


ဆာလက်ချ်ကို တကယ်ရောင်းဖို့ဆိုတာ ဖြစ်လာနိုင်ပါ့မလား၊ ရောင်းလိုက်ရင်ရော လီဗာပူးတိုက်စစ်ဟာ အရင်လို ကောင်းမြဲကောင်းဆဲ အနေအထားမျိုး ချက်ချင်းပြန်ရနိုင်မလားဆိုတာကတော့ စောင့်ကြည့်ကြရုံပေါ့။


Credit နှင်းမိုးခ

Comments